4,5,6,7,8 Maths 9,10 Maths Log 9,10 Physics 9,10 Chemistry Memory Book
English Chinese Japanese

ရောင်စုံ ရုပ်ပြ ပဌာန်း (၂၄) ပစ္ခည်းနှင့် ရှင်းချက်များ

 

အလှူတကာ့ အလှူ မှာ
ဓမ္မစေတီ (တရားဓမ္မပညာ) အလှူသည် အမြတ်ဆုံး ဖြစ်သည်ဟု
(၁၅)၀ါမြောက် ၀ါဆိုအပြီး သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်၌
သိကြားမင်း၏   ပြဿနာ(၄)ရပ်ကို   ဖြေကြားတော်မူစဉ်
မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ လေသည်။
( မဟာဗုဒ္ဓ၀င်-စ-တွဲ-၂၅၃) (ဓမ္မပဒ-ဌ၊ ၂၊ စာ-၃၅၀ )

        

        

        

        

ပညာဒါန

ဤစာအုပ်လက်ဝယ်ရရှိသူ ဓမ္မမိတ်ဆွေမှ နောက်ထပ်တစ်ဦး၊ နှစ်ဦး ၊ သုံးဦး . . . စသည်ဖြင့်လက်ဆင့်ကမ်း ငှားရမ်းဖတ်ရှုစေခြင်းဖြင့် အမြတ်ဆုံးအလှူကုသိုလ် ရယူနိုင်ပါသည်။ ဤစာအုပ်၏ ရောင်းဈေး ၈၀၀%သည် စာရွက်ဖိုး၊ ဂရပ်ဖစ်၊ ကွန်ပျူတာစာစီ၊ ပုံနှိပ် ၊ စာအုပ်ချုပ်ခ၊ စာအုပ်ဆိုင် ကော်မရှင်ခ ၊ ၀န်ဆောင်စရိတ်တို့အပြင် ဈေးအမြင့်မားဆုံးဖြစ်သည့် ပန်းချီကား တန်ဖိုးကျန်ရှိနေပါသေးသည်။ ၎င်းမှာ အလွန်လက်ရာမြောက်သော ပန်းချီ ကားချပ် (၃၀)ကျော်အတွက် သိန်း(၂၀)ကျော် ရင်းနှီးငွေပင်ဖြစ်သည်။ ထိုကုန်ကျစရိတ်သည် လုံလောက်သော စာအုပ်အရေအတွက် ကုန်သွားလျှင် ကာမိနိုင်ပါသည်။ သတ်မှတ်ထားသော စာအုပ်အရေအတွက် မကုန်ပါက သာသနာပြုစိတ်ဓာတ်ဖြင့် အရှုံးခံကာ အကောင်းဆုံး ၊ ဈေးအကြီးဆုံး အသုံးပြု ထားပါသည်။

တစ်ဖန် ၎င်း ၈၀၀ကျပ်တန်ဖိုးသည် ကျွန်တော် ခင်မောင်အေး ၏ ပညာဥာဏ်ပူဇော်ခ(လုံးဝ)မပါဝင်ပေ။ စာရေးဆရာ၏ရေးသားစီစဉ်မှု တို့သည် ပညာပါရမီအလို့ငှာ ဓမ္မဒါနသာဖြစ်ပါသည်။ စာရေးသူအတွက် စီးပွားဖြစ်လုပ်ခြင်း မဟုတ်ပါ။ စိတ်သန့်သန့်ဖြင့် ၀ယ်ယူဖတ်ရှုပြီး ထပ်ဆင့် ငှားရမ်း ဖတ်ရှုစေခြင်းဖြင့် ဓမ္မဒါနပြုနိုင်ပါသည်။ ဤ ၈၀၀% တန်စာအုပ်ကို ၀ယ်ယူပြီး ဓမ္မဒါနအဖြစ်လှူဒါန်းမှ မဟုတ်ပါ။ မိမိကိုယ်ပိုင် ၀ယ်ယူထားသော ၈၀၀ကျပ်တန်စာအုပ်ကို တစ်ဆင့်ငှားရမ်း ဖတ်ရှုစေခြင်းဖြင့်လည်း ဓမ္မဒါနပြုရာ ရောက်ပါသည်။

ကျွန်တော်၏ မူပိုင်ခွင့်သည် စီးပွားရှာမည့်သူအတွက် မဟုတ်ပါ။ ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက် တည်တံ့ပြန့်ပွားရေးအတွက်သာ ဖြစ်ပါသည်။

ခင်မောင်အေး DL.101E,IP (WIPO, Geneva)

မြတ်မင်္ဂလာ စာအုပ်စင် မှ ကောက်နုတ်ချက်
ရောင်စုံရုပ်ပြ ပဋ္ဌာန်း ( ၂၄ ) ပစ္စည်းနှင့်ရှင်းချက်များ ခင်မောင်အေး

နာမည်ကျော်သင်္ချာဆရာ ခင်မောင်အေး ရေးသားပြုစုသော ဘာသာရေးစာအုပ် ဖြစ်သည်။ (၂၄)ပစ္စည်းကို လိုရင်း ၊ တိုရှင်း ရှင်းလင်း တင်ပြပြီး ရောင်စုံသရုပ်ဖော်ပုံများနှင့် ပူးတွဲစီစဉ်ထုတ်ဝေသည်။ သရုပ်ဖော်ပုံ များကို ပန်းချီဆရာ ဦးကျော်ဖြူစံက ရေးဆွဲသည် ။ အလွယ်တကူလက်စွဲပြု၍ သွားလေရာတွင်ယူဆောင်သွားနိုင်အောင် အိတ်ဆောင် စာအုပ်ငယ်အဖြစ် ထုတ်ဝေသည်။ ဆိုဒ်ကြီး စာအုပ်လည်း ထုတ်ဝေသည်။

(၂၄)ပစ္စည်းကို ဖတ်ရှုသူတို့ သဘောပေါက်အောင် ဥပမာ၊ ဥပမေယျတို့ဖြင့် ရှင်းလင်းရေးသားထားသည်မှာထိမိသည်။ ရောင်စုံသရုပ် ဖော်ပုံများမှာလည်း ပြောင်မြောက်သည်။ ပဋ္ဌာန်းကျမ်းကြီးများကို လေ့လာရာ တွင် အဖိုးတန်အသုံးဝင်သောလှေကားထစ်သဖွယ်ဖြစ်သည်။ ထိုအိတ်ဆောင် ကျမ်းငယ်ကို ဖတ်ရှုလေ့လာခြင်းအားဖြင့် ပဋ္ဌာန်းကျမ်းကြီးများကို ကောင်းမွန် စွာ ဆက်လက်လေ့လာ ဖတ်ရှု ကျင့်ကြံနိုင်ကြမည်ဖြစ်သည်။

ဆရာ ခင်မောင်အေးသည် တက္ကသိုလ်ကျောင်းသားဘ၀ကပင် သင်္ချာ နှင့် သိပ္ပံပညာတို့ကို လေ့လာလိုက်စားရင်း ဗုဒ္ဓစာပေများကိုလည်း လေ့လာလိုက်စားခဲ့သူ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်အပြင် ကမ္ဘာအေးစာကြည့်တိုက်များသို့ပင် သွားရောက်၍ ဗုဒ္ဓစာပေများကို ဖတ်ရှုလေ့လာခဲ့သူဖြစ်သည်။ ဗုဒ္ဓဂယာကိုလည်း သွားရောက်၍ သံဝေဇနိယ လေးဌာနကို ဖူးမြော်ကာ လေ့လာခဲ့သူဖြစ်သည်။

စာရေးသူသည် ခင်မောင်အေး (သင်္ချာ) အမည်ဖြင့် နည်းပြဆရာလည်း လုပ်သည်။ ဘော်ဒါကိုလည်း တည်ထောင်ဖွင့်လှစ်သည်။ ထို့နောက် ပညာဗိမာန် စာအုပ်တိုက်ကို တည်ထောင်၍ သင်္ချာစာအုပ်များ၊ အခြားပညာပေးစာအုပ်များနှင့် ဘာသာရေးစာအုပ်များကို ရေးသားထုတ် ဝေလျက်ရှိသည်။ ၁၉၉၆-ခုနှစ်တွင် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓ၀င်ကို ရေးသားပြုစု၍ စောင်ရေ ( ၁ ) သိန်းခန့်အထိ ဓမ္မဒါနဖြန့်ချိခဲ့သည်။

ယခု "ရောင်စုံရုပ်ပြပဋ္ဌာန်း (၂၄) ပစ္စည်းနှင့် ရှင်းချက်များ" ကျမ်းငယ်ကိုပြုစုရန်အတွက် ဆရာတော်ကြီးများနှင့် ပညာရှင်ကြီးများ ရေးသားပြုစုသော ပဋ္ဌာန်းတရားတော်ဆိုင်ရာ အဖွင့်ကျမ်းများ ၊ (၂၄)ပစ္စည်း အိတ်ဆောင် စာအုပ်အမျိုးမျိုးနှင့်အခြားကျမ်းပေါင်း များစွာကိုမှီငြမ်းပြုစု ရေးသားခြင်းဖြစ်သည်။ အချက်အလက်ခိုင်မာသည်။ သင်္ချာဆရာ၊ သိပံ္ပဆရာပီပီ စူးရှသောအမြင်ဖြင့် (၂၄ ) ပစ္စည်းကို စိတ်ဝင်စားဖွယ်၊ မှတ်ယူဖွယ်တင်ပြ ထားသည်ကို တွေ့ရသည်။ ထူးခြားသော ဘာသာရေးစာအုပ်ကောင်းတစ်အုပ် ဖြစ်ပေသည်။

ဦးမင်္ဂလာ

အမှာစာ

ငယ်စဉ်ခါက (၂၄)ပစ္စည်းကို ပဋ္ဌာန်းဟူ၍ပင် သိနားလည်ခဲ့ပါသည်။ ထို့နောက် ပဋ္ဌာန်းကျမ်းကြီးတွေကို ဖတ်ခွင့်ရမှသာ(၂၄)ပစ္စည်းသည် ပဋ္ဌာန်း ကျမ်းကြီး၏ အကျဉ်း (အနှစ်ချုပ်သာ) ဖြစ်ကြောင်း သဘောပေါက်ခဲ့ရပါသည်။

တစ်ဖန် ပဋ္ဌာန်းကျမ်းကြီးသည် လေ့လာလေ ကျယ်ဝန်းနက်နဲ လေဖြစ်လာသည့်အတွက် (၂၄)ပစ္စည်းကိုပင် ပထမဦးစွာ နားလည်သဘော ပေါက်ဖို့လိုပါသည်။ တချို့ဗုဒ္ဓဘာသာဝင်များမှာ (၂၄)ပစ္စည်းကို မန္တန်လို သဘော ထားပြီး ရွတ်ဖတ်နေကြပါသည်။ မြတ်စွာဘုရားရှင်သည် တရားတော်များကို အနုလုံပဋိလုံ နှလုံးသွင်းဆင်ခြင်ပြီးမှ ကျင့်ကြံပွားများသည့်အဆင့်ထိ တက်လှမ်းနိုင်ရန် မိန့်ကြားတော်မူခဲ့ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအား (တခြားဘာသာဝင်များနှင့် မတူစေဘဲ) တစ်မူထူးခြားသည့် ထေရ၀ါဒဗုဒ္ဓဘာသာဝင်စစ်စစ်များ ဖြစ်စေလို သောဆန္ဒကြောင့် (၂၄)ပစ္စည်းကို အဋ္ဌကထာဆရာတော်များ၏ အာဘော် အတိုင်းပုံနှင့်တကွကြိုးစားပြီး ရှင်းလင်းတင်ပြထားပါသည်။ (၂၄) ပစ္စည်း အခြေခံကိုနားလည်သဘောပေါက်ပြီဆိုမှ ပဋ္ဌာန်းကျမ်းကြီးများကို အဆင့်ဆင့် လေ့လာကျင့်ကြံနိုင်ပါစေကြောင်း မေတ္တာစေတနာ သန့်သန့်ဖြင့် ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ကျန်းမာချမ်းသာပြီး၊ လူဆင်းရဲ၊ အပါယ်လေးပါး ဆင်းရဲတို့မှ လုံးဝလွတ်ကင်းနိုင်သော မဟာသောတာပန်တို့ရရှိအပ်သည့် သန္တိသုခ နိဗ္ဗာန်ချမ်းသာကို ရနိုင်ကြပါစေ။

မာတိကာ

၁။ ပညာဒါန
၂။ အမှာစာ
၃။ ရောင်ခြည်တော်(၆)သွယ်နှင့် ဗုဒ္ဓသာသနာ့အလံ
၎။ ပဋ္ဌာန်းကျမ်း၏အနှစ်ချုပ်မှာ
၅။ ပဋ္ဌာန်းကျမ်းစတင်ရာ
၆။ ရောင်ခြည်တော်များ ကွန့်မြူးလာပုံ
၇။ ပဋ္ဌာန်းကျမ်း စတင်ဟောသည့်နေရာ
၈။ ပဋ္ဌာန်းကျမ်းကြီး လူ့ပြည်ရောက်ရှိလာပုံ
၉။ ပဋ္ဌာန်းကျမ်းတော် ကျယ်ဝန်းပုံ
၁၀။ ပဋ္ဌာန်းကျမ်းစတင်ရာမှ ရောင်စုံရုပ်ပြပဋ္ဌာန်းရှင်းချက်များ
၁၁။ (၂၄)ပစ္စည်းသည် ပဋ္ဌာန်းကျမ်းကြီး၏ အနှစ်ချုပ်သာ
၁၂။ ရွတ်ဖတ်ရုံသာမက အဓိပ္ပာယ်ကိုနှလုံးသွင်း ဆင်ခြင်ခြင်းက ပိုမိုအကျိုးကြီးနိုင်
၁၃။ သာသနာတော်နှစ်(၅၀၀၀)ဟု ဆိုသော်လည်း
၁၄။ ပဋ္ဌာန်းကျမ်းသည် ဗုဒ္ဓသာသနာအတွက် ရှေ့တန်းမဟာခံတပ်ကြီး
၁၅။ ကံပွင့်၊ ဥာဏ်မြင့် တန်ခိုးကြီးတရားတော်
၁၆။ စာရေးသူ၏ အတ္ထုပ္ပတ္တိ
၁၇။ ကန်တော့ပန်းနှင့် မှီငြမ်းကျမ်း
၁၈။ ပညာပါရမီအလို့ငှာ

-  ၆
-  ၉
- ၁၁
- ၁၁
- ၁၁
- ၁၃
- ၁၄
- ၁၅
- ၁၆
- ၁၇
- ၄၉
- ၅၀
- ၅၂
- ၅၃
- ၅၄
- ၅၆
- ၅၇
- ၅၈


ရောင်ခြည်တော်(၆)သွယ်နှင့် ဗုဒ္ဓသာသနာ့အလံ

ယခု ဗုဒ္ဓသာသနာ့အလံသည် မြတ်စွာဘုရား၏ ရောင်ခြည်တော် (၆) သွယ် နီလ (ညို ၊ ပြာ)၊ ပီတ(၀ါ)၊ လောဟိတ(နီ)၊ သြဒါတ(ဖြူ) မဉ္ဇိဋ္ဌ(ပန်းနု)၊ ပဘဿရ (ပြိုးပြိုး ပြက်ပြက်) ကို ဖော်ကျူးထားခြင်း ဖြစ်သည်။ အမေရိကန် လူမျိုး ဗိုလ်မှူးကြီး (အငြိမ်းစား) ဟင်နရီစတီးလ်အော်လကော့ (ဗုဒ္ဓဘာသာဝင် အဖြစ် ကူးပြောင်းလာသူ) ၏ စေတနာနှင့် ပညာကြောင့် ဗုဒ္ဓ၏ရောင်ခြည်တော် (၆)သွယ်ကို စိတ်ကူးတီထွင်ကာ ဗုဒ္ဓသာသနာ့အလံ ဟူ၍ (၁၈၈၅) ခုနှစ် ကတည်းက သီဟိုဠ်ကျွန်း (သီရိလင်္ကာ)မှာ လွှင့်ထူနိုင်ခဲ့သည်။

(၁၉၅၀) ပြည့်နှစ် သီရိလင်္ကာမှာကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီးတွင် ထိုအလံတော်ကို တစ်ကမ္ဘာလုံးက ဗုဒ္ဓသာသနာ့ အလံတော် အဖြစ် အတည်ပြုခဲ့ကြသည်။ မြန်မာနိုင်ငံတွင်မူ ၁၉၅၆ (၁၃၁၈)ခု၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲတော် (မဟာပါသာဏ လိုဏ်ဂူ ၊ ကမ္ဘာအေးဘုရား) မှာ ဗုဒ္ဓသာသနာ့အလံကို စတင်လွှင့်ထူခဲ့ပေသည်။

ပဋ္ဌာန်းကျမ်း၏ အနှစ်ချုပ်မှာ

ကမ္ဘာလောက (စကြ၀ဠာ) တစ်ခုလုံး၏ရုပ်တရား၊ နာမ်တရားတွေ အကြောင်းအကျိုးဆက်နွယ်ဖြစ်ပျက်ပုံ အမျိုးမျိုးကို အသေးစိတ် ဟောတော်မူထားသည့် ကျမ်းကြီးဖြစ်သည်။

ပဋ္ဌာန်းကျမ်းစတင်ရာ

မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့်ညအကုန် (လပြည့်ကျော် (၁) ရက် အရုဏ်မတက်မီ) မှာ (ခရစ်နှစ် - ၂၀၀၈ ခု အရ + BC ၅၈၉ = လွန်ခဲ့သော၂၅၉၇နှစ်၊ သာသနာတော်နှစ် ၂၅၅၂ + ၄၅ ၀ါ = လွန်ခဲ့သော ၂၅၉၇ နှစ်က) သိဒ္ဓတ္ထမင်းသား ဘ၀မှ ဂေါတမဗုဒ္ဓမြတ်စွာဘုရားအဖြစ် သဗ္ဗညုတရွှေဥာဏ်တော်ကို ရတော်မူခဲ့သည်။

(၁) ကဆုန်လပြည့်ကျော် (၁)ရက်မှ (၇)ရက်အထိ ပလ္လင်္ကသတ္တာဟ အဖြစ်မဟာဗောဓိပင်နှင့် ရွှေပလင်မှာ(၇)ရက်ပတ်လုံး ဖလသမာပတ် ချမ်းသာ ကိုဝင်စားတော်မူသည်။
(၂) ကဆုန်လပြည့်ကျော် (၈) ရက်မှ (၁၄) ရက်အထိ ဗောဓိပင်၏ အရှေ့မြောက်ထောင့်၌ အနိမိသသတ္တာဟအဖြစ် မလှုပ်မယှက်မတ်တပ် ရပ်တော်မူကာ (၇) ရက်တိုင်တိုင် မဟာဗောဓိပင်ကို မျက်တောင်မခတ်ဘဲ ရှုစားတော်မူသည်။ လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီတော် ဖြည့်ကျင့်ခဲ့ ပြီးမှ ရတောင့်ရခဲလှသည့် သဗ္ဗညုတရွှေဥာဏ်တော် ရရှိခဲ့ရာဖြစ်သော မဟာဗောဓိပင် နှင့် ပလ္လင်တော် နေရာကို ထူးမြတ်လှသည့်အနေဖြင့် စူးစိုက်ပြီး ကြည့်တော်မူခြင်းဖြစ်သည်။
(၃) ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆)ရက်အထိ ပလ္လင်တော်နှင့် အနိမိသအကြား အရှေ့အနောက်တန်းလျက် ရတနာစင်္ကြ တော်ကို ဖန်ဆင်း တော်မူ၍ (၇)ရက် တိုင်တိုင် မရပ်မနားဘဲ စင်္ကြကြွတော်မူသည်။ ပလ္လင်တော် အား (၇)ရက်တိုင်တိုင် စူးစိုက် ကြည့်နေခြင်းကို နတ်၊ ဗြဟ္မာတို့က မြတ်စွာ ဘုရားသည် ပလ္လင်တော်၌ တွယ်တာမှု ကိလေသာရှိနေသည်ဟု ထင်မှတ်မှား နေကြ၏။ ထိုယုံမှားမှုကို ပယ်ဖျောက်ရန် ရတနာစင်္ကြံဖန်ဆင်းကာ ခေါက်တုံ့ ခေါက်ပြန် စင်္ကြံလျှောက်တော်မူ၏။
(၄) နယုန်လဆန်း (၇)ရက်နေ့မှ (၁၃)ရက်အထိ မဟာဗောဓိပင်၏ အနောက်မြောက်အရပ်၌ နတ်တို့ဖန်ဆင်းအပ်သော ရတနာဃရ (ရွှေအိမ်) တွင် (၇) ရက်တိုင်တိုင် ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူကာ အဘိဓမ္မာပိဋက တရားတော်မြတ်ကို သုံးသပ်ဆင်ခြင်တော်မူသည်။ မြတ်စွာဘုရားသည် ဝေနေယျသတ္တ၀ါအပေါင်းတို့ကို ကြည့်ရှုဆင်ခြင်တော်မူရာ ကျွတ်ထိုက်သူ တို့အား သီလတည်စေပြီး သမာဓိဖြင့် စိတ်ကိုတည်ကြည်အောင် ထိန်းကာ ပညာဖြင့် ၀ိပဿနာအားထုတ်ကျင့်ကြံ၍ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြမည်ကို မြင်တော်မူ၏။ ထို့ကြောင့် ရှေးဦးစွာ သီလဆိုင်ရာဝိနည်းပိဋကကို စဦးဆုံး သုံးသပ်ဆင်ခြင်တော်မူသည်။ ထို့နောက် သမာဓိကိုပြဆိုရာ သုတ္တန်ပိဋက၊ ထိုမှ ပညာပိုင်းဆိုင်ရာ အဘိဓမ္မာပိဋက စသည်ဖြင့် သုံးသပ်ဆင်ခြင်တော်မူ၏။

ရောင်ခြည်တော်များ ကွန့်မြူးလာပုံ

နောက်ဆုံးအဘိဓမ္မာပိဋက (၇)ကျမ်း တရားတော်များကို သုံးသပ် ဆင်ခြင်တော်မူရာ အောက်ပိုင်းဖြစ်သော ၁။ ဓမ္မသင်္ဂဏီကျမ်း၊ ၂။ ၀ိဘင်း ကျမ်း၊ ၃။ ဓာတုကထာကျမ်း၊ ၄။ ပုဂ္ဂလပညတ်ကျမ်း၊ ၅။ ကထာဝတ္ထုကျမ်း၊ ၆။ ယမိုက်ကျမ်းတို့ကို သုံးသပ်ဆင်ခြင်တော်မူခိုက်၌ သဗ္ဗညုတ ရွှေဥာဏ်တော်က ကျယ်ဝန်းပြီး တရားနည်းကကျဉ်းသဖြင့် ရွှေဥာဏ်တော် ကွန့်မြူးနိုင်ခြင်း မရှိသေးပေ။ ခုနစ်ဆင့်မြောက်ဖြစ်သည့် အနန္တနယသမန္တ ပဋ္ဌာန်းကျမ်းကြီးကို သုံးသပ်ဆင်ခြင်တော်မူသောအခါမှ (ယူဇနာတစ်ထောင် ရှိသည့် တိမိင်္ဂလငါးကြီးမှာ မူလကလူးလွန့်ရန် နေရာမလုံလောက်ရာမှ မဟာသမုဒ္ဒရာကြီးထဲရောက်လာကာ လူးလွန့်မြူးကွန့်ခွင့် ရလာသည့်ပမာ) သဗ္ဗညုတရွှေဥာဏ်တော်သည် ရွှင်လန်းကွန့်မြူးတော်မူလာကာ ကိုယ်တော်မြတ်၏ ရှေ့နောက်ဝဲယာထက်အောက် အရပ်မျက်နှာ အသီးသီးသို့ အပိုင်း အခြားအဆီးအတားမရှိ ရောင်ခြည်တော် (၆)ပါးသည် ထိန်လင်းတောက်ပ လေတော့သည်။

ထိုသို့ထွက်ပေါ်လာခြင်းသည် မြတ်ဗုဒ္ဓ၏ ဘုန်းတန်ခိုးတော် အနန္တ ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။ သဗ္ဗညုတရွှေဥာဏ်တော် ရွှင်လန်းကွန့်မြူး သောအခါ ဥာဏ်တော်နှင့်အတူ စိတ်စေတသိက်တရားများလည်း ရွှင်လန်း ကွန့်မြူးလာသည်။ မြတ်စွာဘုရား၏ သန္တာန်၌ အလွန်နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတရားများ ဖြစ်ပွားလာကာ စိတ်စေတသိက်တရားတို့တည်နေရာ ဟဒယ၀တ္ထုခေါ် နှလုံးသွေးလည်း ကြည်လင်တောက်ပလာသည်။ ထိုမှ နှလုံးသွေးနှင့်ဆက်စပ်လျက်ရှိသည့် အသွေးတော်၊ အသား၊ အရိုး၊ အကြော၊ အရေတော် စသည့်ဣနြေ္ဒငါးပါး၊ အခြားစိတ္တဇ၊ ကမ္မဇ၊ အာဟာရဇ၊ ဥတုဇရုပ် တရားများလည်း ကြည်လင်တောက်ပလာပြီး အိမ်လုံးတိမ်လုံးခန့် ပမာဏ ရှိသော ရောင်ခြည်တော်(၆)သွယ်တို့သည် တ၀င်းဝင်းတလက်လက် တောက်ပလျက် (ယနေ့တိုင်အောင်) စကြ၀ဠာအနန္တ သို့ အဆုံးအပိုင်းအခြား မရှိ ကွန့်မြူးပြေးသွားလေတော့၏။

သဗ္ဗညုတဥာဏ်တော်ဖြင့် အခြားတရားတော်များကို ဆင်ခြင် သုံးသပ်ချိန်မှာ ထူးခြားမှုမရှိသေးပေ။ ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်သုံးသပ် သောအခါမှသာ ထူးခြားစွာ ရောင်ခြည်တော် (၆) ပါး ကွန့်မြူးပေါ်ထွက်လာခြင်း မှာ ပဋ္ဌာန်းတရားတော်၏ တန်ခိုးတော်ကြီးမားမှုတို့ကြောင့် ဖြစ်ပေသည်။

ပဋ္ဌာန်းကျမ်း စတင်ဟောသည့်နေရာ

စတုတ္ထသတ္တာဟနေရာ ရတနာဃရ (ရွှေအိမ်)တွင် မြတ်စွာဘုရားရှင်သည် ပဋ္ဌာန်းကျမ်းကြီးကို နှလုံးသွင်းဆင်ခြင် ခြင်းသာဖြစ်သည်။ နှုတ်မှမြွက်ဟ ဟောကြားတော်မူခြင်းမရှိသေးပေ။

မြတ်စွာဘုရားရှင် ၀ါတော်(၇)၀ါ အရောက်တွင် သာဝတ္ထိပြည် သရက်ဖြူပင်ရင်းမှာ ရေမီးအစုံတန်ခိုးတော်ပြပြီး တာဝတိံသာနတ်ပြည်သို့ ကြွသွားခဲ့လေသည်။ ထိုသို့ ကြွတော်မူခြင်းကိုပရိသတ်ထဲမှ (တန်ခိုးအရာ မှာဧတဒဂ် ဘွဲ့ရ) အရှင်မဟာမောဂ္ဂလာန်မှတစ်ပါး အခြားမည်သူမျှမသိနိုင်ပါ။

မယ်တော် မဟာမာယာဒေ၀ီသည် ဘုရားလောင်းကို ဖွားမြင်ပြီး (၇) ရက်အကြာ ကံတော်ကုန်သည့်အခါ တုသိတာနတ်ပြည်မှာ နတ်သားဖြစ် သွားသည်။ မြတ်စွာဘုရားသည် မယ်တော်ဟောင်း၏ကျေးဇူးကို ဆပ်လို သည်ကတစ်ကြောင်း၊ အဘိဓမ္မာကိုအစအဆုံး နာယူနိုင်သည့်ပရိသတ်မှာ နတ်ဗြဟ္မာများသာ ဖြစ်နိုင်သောကြောင့်တစ်ကြောင်း၊ လူ့ပြည်မှာမဟောဘဲ နတ်ပြည်တက်ပြီး ဟောရခြင်းဖြစ်သည်။

ထိုသို့ မယ်တော်ဟောင်းနတ်သားကို အမှူးထားပြီး အဘိဓမ္မာ တရားကို ဟောပြောသည်မှာ ၀ါတွင်း (၃) လပတ်လုံးဆက်တိုက် ရေတံခွန် မှအဆက်မပြတ် စီးဆင်းနေသကဲ့သို့ ဖြစ်၏။

ပဋ္ဌာန်းကျမ်းကြီး လူ့ ပြည်ရောက်ရှိလာပုံ

မြတ်စွာဘုရားသည် နတ်ပြည်၌ နိမ္မိတရုပ်ပွားတော်ကိုဖန်ဆင်း၍ တရားဆက်ဟောစေပြီး လူ့ပြည်သို့ကြွတော်မူကာ မျက်နှာတော်သစ်ခြင်း၊ ကုဋီသွားခြင်း၊ ရေသုံးသပ်ခြင်း၊ ဆွမ်းခံကြွကာဆွမ်းဘုဉ်းပေးတော်မူခြင်း၊ နေ့သန့်စင်ခြင်း စသည်တို့ကိုပြုတော်မူခဲ့သည်။ ထိုသို့ နေ့သန့်နေသည့် အခါတိုင်း တရားစစ်သူကြီး အရှင်သာရိပုတ္တရာကြွလာပြီး ၀တ်ကြီးဝတ်ငယ် ပြုစုပေးတော်မူခဲ့၏။ ထိုသို့ဝတ်ပြုစဉ် မြတ်စွာဘုရားက အရှင်သာရိပုတ္တရာအား နတ်ပြည်၌ဟောကြားခဲ့သည့် အဘိဓမ္မာတရားတော်ကို အကျဉ်းချုံ့ဟောပြ တော်မူခဲ့သည်။ ထိုအကျဉ်းကို အရှင်သာရိပုတ္တရာက နည်းပေါင်းများစွာဖြင့် အကျယ်ချဲ့တန်ဆာဆင်ကာ သိရှိတော်မူလေသည်။

ထိုအဘိဓမ္မာကိုပင် ( ယခင်အတိတ်ဘ၀က လင်းနို့သား ငါးရာဖြစ်ခဲ့ ဖူးသည့်) တပည့်ရဟန်းငါးရာတို့အား တစ်ဆင့်ပြန်လည်ဟောကြားတော်မူ သည်။ ယခုထေရ၀ါဒဗုဒ္ဓသာသနာ၌ သင်ကြားပို့ချနေသည့် ပဋ္ဌာန်း ကျမ်းကြီးမှာ အရှင် သာရိပုတ္တရာမှတစ်ဆင့် ပြန်လည်ဟောကြားသည့် နာတိဝိတ္ထာရ နာတိသင်္ခေပ (မကျယ်လွန်း မကျဉ်းလွန်းသော) ပဋ္ဌာန်းဒေသ နာကျမ်းတော်ပင် ဖြစ်ပေသည်။

ပဋ္ဌာန်းကျမ်းသည် ဗုဒ္ဓသာသနာအတွက် ရှေ့တန်းမဟာခံတပ်ကြီး

ဗုဒ္ဓသာသနာ ကွယ်ပျောက်တော့မည်ဆိုလျှင် (ပါထိက၀ဂ္ဂ အဋ္ဌက ထာအရ) ပရိယတ္တိ သာသနာ၊ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓ သာသနာ ဆိုသည့် သာသနာ (၃)ရပ် အနက် ပရိယတ္တိ သာသနာတော်က ရှေးဦးစွာ ကွယ်ပျောက်လိမ့်မည်။ ထိုတွင်လည်း သုတ်၊ ၀ိနည်း၊ အဘိဓမ္မာဟူ၍ ပိဋက (၃)ပုံတွင် အဘိဓမ္မာပိဋကသည် အစဆုံးကွယ်ပရ လိမ့်မည်ဟုဆို၏။ တစ်ဖန် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု ၊ယမိုက်၊ ပဋ္ဌာန်း ဆိုသည့် အဘိဓမ္မာ (၇)ကျမ်းရှိသည့်အနက် ပဋ္ဌာန်းကျမ်းသည် ပထမဦးဆုံး ကွယ်ပျောက်ရမည်။ ထိုပဋ္ဌာန်းကျမ်း ကွယ်ပျောက်ပြီးမှ ယမိုက်၊ ကထာဝတ္ထု . . . ဓမ္မသင်္ဂဏီဆိုပြီး နောက်ပြန်ကွယ်သွားမည်။ ထို့နောက်မှ သုတ်၊ ၀ိနည်း စသည်ကွယ်မည်။ တစ်ဖန်ပရိယတ္တိသာသနာကွယ်ပြီးလျှင် ပဋိပတ္တိ သာသနာ၊ ပဋိဝေဓ သာသနာတော် နှစ်ရပ် ဆက်လက်ကွယ်ပျောက်မည်။

ထို့ကြောင့် ဗုဒ္ဓသာသနာ မကွယ်ပျောက်ရအောင် ပဋ္ဌာန်းကျမ်းကြီး သည် ရှေ့တန်းမဟာခံတပ်ကြီး ဖြစ်နေပေသည်။ ထိုရှေ့တန်း ခံတပ်ကြီး ကျသွားလျှင် နောက်ပိုင်းကျမ်းများ ဆက်ကာဆက်ကာ ကျရှုံးကာ ဗုဒ္ဓသာသနာတော်လည်း တဖြည်းဖြည်းအစဉ်အတိုင်း ကွယ်ပျောက်ရာမှ နောက်ဆုံးမှာ လုံးဝ (လုံးဝ) ကွယ်ပျောက် သွားပေတော့မည်။

ထိုသို့ သာသနာကွယ်ပျောက်မည့်အရေးကို သိကြလျှင် ဗုဒ္ဓ ဘာသာဝင်မည်ကာမတ္တမဖြစ်စေဘဲ ဗုဒ္ဓသာသနာဝင်စစ်စစ်များဖြစ်ဖို့ တရားစာ များကို နားလည်သဘောပေါက်အောင် ဖတ်ရှုမှတ်သား နာယူကျင့်ကြံဖို့ လိုပေသည်။ သာသနာတော်ကြီး တည်တံ့ ပြန့်ပွားရေးအတွက် ပဋ္ဌာန်းတရား တော်အနက် (၂၄)ပစ္စည်းမှစကာ နားလည်သဘောပေါက်ဖို့ အလွန်အရေး ကြီးပေသည်။ ဤမှတစ်ဆင့် ပဋ္ဌာန်းတရားတော်ကြီးကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားကြရပေဦးမည်။

 
 
 
4,5,6,7,8 Maths 9,10 Maths Log 9,10 Physics 9,10 Chemistry Memory Book
Pyinnya Beikman Publishing House
No. 228, 39 Street (upper block), near the corner of anawrahta Street, Kyauktada Township, Yangon, Myanmar.
Tel: +95-1 253143, +95-9 513 6746
Email: , ,
Website:
www.sskhinmaungaye.com, www.buddhayear2600.org
Web Developer: Myanmars.NET, Yangon, Myanmar.© Copyright 2010 by Khin Maung Aye (Maths)